Friday, March 14, 2008
poem by Dr. Lun Swe
ထာဝရကြယ်
ဒေါက်တာလွဏ်းဆွေ
ရေဆန်မြစ်ထဲ
တောက်ပဆဲ
ကြယ်ကြွေလွယ်ခဲ့လည်း၊
တော်လှန်အသည်း
ပြည့်ရင်ထဲဝယ်
ဝေမယ်အမြဲ။
(ဆရာ မန်းရှာ သို့မဟုတ် စာရေးဆရာ ရေဆန်သို့ …)
(ဒေါင်းအိုးဝေမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၅)
Tuesday, February 26, 2008
maung lwan ne
မန်းရှာရေ ...
မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေယူခဲ့ ...
မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့ ...
မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ ...
မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့ ...
မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ ...
မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ ...
မန်းရှာရေ
နင့်ရဲဘော် - နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ ...
အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ်ကျန်ခဲ့ပြီ ... ။
(ဆရာမန်းရှာ နှင့် အမနမ့်ကျင်ရွှေသို့)
မောင်လွမ်းဏီ
၁၅.၂.၂၀၀၈
nyein wai poem
ဝင်းပခဲ့သည် အို နှင်းဆီ
လူတယောက်
နှင်းဆီရနံ့လှိုင်တဲ့ ခေတ်တခုကို ပခုံးနဲ့ထမ်း
လမ်းလျှောက်သွားခဲ့လို့
ဒီနှစ်နွေဦး
နှင်းဆီနံ့တွေ လှိုင်လွန်းပေါ့။
ငါ ယုံကြည်တယ်
နှင်းဆီနံ့လှိုင်လွန်းတဲ့ ဒီနွေဦးကြောင့်
ခေတ်ကြီးတခုလုံး
နှင်းဆီရနံ့တွေလှိုင်လိမ့်မယ်။
ယူကြ
နှင်းဆီရနံ့တွေ ယူကြ
နှင်းဆီရနံ့ပေလူးတဲ့ နွေဦးကိုယူကြ၊
ဆွတ်ခူးကြ
နှင်းဆီရနံ့ စိုလူးတဲ့ နွေဦးကို ဆွတ်ခူးကြ
ရေးခြစ်ကြ
နှင်းဆီရနံ့ လိမ်းကျံတဲ့
ခေတ်တခုရဲ့ နံရံကို ရေးခြစ်ကြ၊
သိမ်းပိုက်ကြ
နှင်းဆီရနံ့ထုံမွှန်းတဲ့ ခေတ်တွေ
တခေတ်ပြီးတခေတ် သိမ်းပိုက်ကြ။
“ရေဆန်” လမ်းပေါ်မှာ
ပန်းတွေ
ဝေလွန်း ကြွေလွန်းခဲ့ပြီ
ဝင်းပရဲနီ အို နှင်းဆီရေ ... ။ ။
ငြိမ်းဝေ
၁၅.၂.၂၀၀၈
from http://sandaywe.blogspot.com/
Monday, February 18, 2008
poem by padoh mahn sha
(ဒေါက်တာလွဏ်းဆွေဘလော့ဂ်ကယူတယ်)
‘ရေဆန်’အမည်ဖြင့် ရေးသားခဲ့သည့် ပဒိုမန်းရှာ၏ ‘ချစ်သမီးသို့’ ကဗျာ
သမီးရေ …
ဂန္ထ၀င်ခရီးမှာ
နေခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။
ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။
လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။
မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး …။ ။
ရေဆန်
(နှစ် ၅၀ပြည့် ကရင်တော်လှန်ရေး အထူးထုတ် သနူးထူးဂျာနယ်၊ ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်)
aung way poem
ကြယ်ကြွေရေဆန်
အောင်ဝေး
မြရာပင်ထက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။
ဆိတ်ဖလူးရနံ့အောက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။
ပင်လယ်လှိုင်းသံနဲ့
နားကြည်းတောက်ခေါက်သံတွေကြားမှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။
အဓိပတိလမ်းပေါ်က
စိန်ပန်းပွင့်တွေထဲမှာ
ရွှေတိဂုံဘုရားခြေရင်းက
ကတ္တရာခင်းထားတဲ့
နှလုံးသားတွေထက်မှာ
ကြယ်တွေ ကြွေသက်ခဲ့ကြတယ်။
ဖထီးရေ ...
ဒီတခါကြွေတဲ့ ကြယ်ကတော့
သောင်ရင်းမြစ်ပေါ်မှာပဲလေ။
နာကျင်ခံပြင်းတဲ့ ဒေါသနဲ့
ဒေါနတောင်တန်းကြီး
လှိုက်ခုန်ငိုညည်း
မျက်ရည်တွေ မီးလျှံရဲရဲခုံးထ
ယူကြုံးမရတဲ့ ညနေခင်းဟာ
သောင်ရင်းမြစ်ကမ်းပါးမှာ ဖြစ်ခဲ့ပြီ။
ကျနော်တို့ ငြင်းပယ်လို့မရ
လက်မခံချင်လို့လည်းမရတဲ့ ညနေ
တတောလုံးကွဲကြေ
တပင်ချင်း ကြေကွဲ
အနုပဋိလောမတရားကြီးလည်း
ငိုကြီးချက်မနဲ့
ဖထီးရဲ့ နာမည်ကို
အခါခါ ရေရွတ်နေတော့တယ်။
ဟောဟိုက
အမိမြေ ကောင်းကင်ယံမှာ
တော်လှန်ရေးရဲ့ နာမည်တွေ
ကဗ္ဗည်းထိုးထားတယ်။
ဖထီးရဲ့
မြင့်မြတ်တဲ့ နာမတော်လည်း အပါအ၀င်ပေါ့။
အမိမြေဟာ
ဂုဏ်ပြုအပ်တဲ့ အိမ်သားတဦးကို
ဆီးကြိုဖို့
ဆို့နင့်ကြေကွဲနေပါပြီ။
ဖထီးရေ ...
ရှစ်ဆယ့်ရှစ်တွေကို ယုံကြည်လို့
စိတ်ချလက်ချ ထားသွားခဲ့တာလား။
ဖထီးရေ ...
ရွှေဝါရောင်တွေကို တော်လှန်ရေးသတိရှိဖို့
အသက်နဲ့လဲပြီး တပ်လှန်ခဲ့တာလား။
ဖထီးရေ ...
စစ်မှန်တဲ့ ပြည်ထောင်စုကို မျှော်လင့်လို့
အနာဂတ်ကို ပခုံးပြောင်းပေးခဲ့တာလား။
ကမ္ဘာမကြေဘူး ဖထီးရေ ...
ကမ္ဘာမကြေဘူး။
အမိမြေဟာ
ပထမလွတ်လပ်ရေးတိုက်ပွဲမှာလည်း
သမိုင်းရဲ့အချိုးအကွေ့ကြုံတဲ့အခါ
ပြည်သူ့သူရဲကောင်းတယောက်ကို
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်။
အခုတခါ
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ
သမိုင်းချိုးကွေ့
အောင်ပွဲနီးလာတဲ့အချိန်
ဖထီးကို
ကျနော်တို့ ဆုံးရှုံးလိုက်ရပြန်ပြီ။
မဖြေနိုင်ဘူး ဖထီးရေ ...
ကျနော်တို့ မဖြေနိုင်ဘူး။
ကျနော် ကဗျာဆရာပါ
ဖထီးနဲ့ ကျနော်
ပထမဆုံး ဆုံတွေ့ရတဲ့ည
ဗန်းမော်တင်အောင်ရဲ့
ရိုးမတိုက်ပွဲဝတ္ထုကို
ကျနော် သတိရနေခဲ့တယ်။
ဝတ္ထုထဲ
ပဲခူးရိုးမ ဖက်ဆစ်ဆန့်ကျင်ရေး
ကရင်ပြောက်ကျား ခေါင်းဆောင်ကြီး
တာကောဒီနဲ့
မြို့ကလာတဲ့ ဗမာလူငယ် နိုင်ငံရေးသမား
ထွန်းနိုင်
အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပုံတွေ
ရင်တခုန်ခုန်နဲ့
ယုံကြည်ခဲ့ပုံတွေ။
ဖထီးရေ ...
ဖထီးက တာကောဒီ ဆိုရင်
ကျနော်က ထွန်းနိုင်ပေါ့
ကျနော် စိတ်ကူးယဉ်ခဲ့ပုံတွေ။
ဖထီးရေ ..
ကျနော်တို့အဖြစ်က
ဝတ္ထုမဟုတ်ပါဘူး။
ဝတ္ထုထက်တောင် ပိုပြီး
ဝတ္ထုဆန်နေသေးတဲ့အဖြစ်
နာကြည်းမှုတွေက မျှစ်စို့ပေါက်လို
မြေကြီးထဲက ဖောက်ထွက်လာတဲ့ ခေတ်။
ရေဆန်မြစ်ထဲ
ကြယ်ကြွေရတဲ့ ခေတ်။
ဖထီးရေ ...
ခေတ်ဆိုးကြီးရဲ့ ဒီမနက်
တော်လှန်ရေးနဲ့ အမြင့်ဆုံး တောင်ကုန်းထက်မှာ
ဖထီးလက်နဲ့ လွှင့်ခဲ့တဲ့
စွန့်လွှတ်ခြင်း အလံတော်ကို
ကောင်းကင်နဲ့ ထိအောင်
ကျနော်တို့ ထပ်ပြီး လွှင့်တင်လိုက်ကြတယ်။
ပြီးတော့ ကျနော်တို့
အလေးနီ ပြုလိုက်ကြတယ်။
ကျနော်တို့
ဘယ်တော့မှ လက်နက်မချပါဘူး ဖထီး ။ ။
၁၅-၂-၂၀၀၈
